ရောဂါ

ခဲတံ .. ဟောတော် ခဲတံက မေ့နေခဲ့ပြန်ပြီ…. အဲလို ကိုယ်သုံးနေကျ ပစ္စည်းတစ်ခုခု ပါမလာဘူး ၊ မေ့ကျန်ခဲ့တယ်ဆိုရင် စိတ်ထဲမှာ ခိုးလိုးခုလုနဲ့ ဘာဖြစ်မှန်းမသိဘူး … ဘာဖြစ်လို့များ မေ့ကျန်ခဲ့ပါလိမ့် … ဒီလောက်တောင်ပဲ ပေါ့ဆရသလား … သေသေချာချာကို ထည့်ဖို့ ထုတ်လိုက်ပါတယ် … ခုတော့ မှတ်မှတ်ရရကို မေ့ကျန်ခဲ့ပြီ …. စသည် စသည် တွေးရင်း စိတ်ထဲ ဘဝမကျနိုင်ဘူး … အမှန်တော့ ရောဂါပဲနော်… ခဲတံ မပါလည်း ဘောပင်နဲ့ ရေးလိုက်ပေါ့ … အဲဒါကို ဘောပင်ကိုင်လိုက်တိုင်း ခဲတံဆီ စိတ်ရောက်သွားပြီး ဘာဖြစ်လို့များ မေ့ကျန်ခဲ့ရပါလိမ့်နဲ့ တစ်ကျော့ပြန်တွေးမိပြန်ရော …. ခုကို ခဲတံမေ့ခဲ့တာကို စိတ်ထဲက မထုတ်နိုင်လို့ စာရေးမိပြီ … နည်းတဲ့ ရောဂါ မဟုတ်ဘူးနော်….။
နောက်ထပ် ရောဂါတစ်ခုကတော့ ခရီးသွားလေရာ စာအုပ်သယ်တာပဲ … ဘယ်လောက်ပဲ ခရီးတိုနေပါစေ စာအုပ်အနည်းဆုံး တစ်အုပ် ရအောင်သယ်တယ် … ဖတ်တာလည်း မဟုတ်ဘူး …. ဖတ်ဖို့ အချိန်လည်း ရတာမဟုတ်ဘူး … ဒါပေမယ့် စာအုပ်မပါရင်ကို ဘာလိုနေမှန်း မသိဘူး … အဲဒါကြောင့် သယ်ကိုသယ်တယ် … ဒါလည်း ရောဂါ တစ်ခုပေါ့…။
နောက်တစ်ခုက စာဖတ်တာပဲ … အလုပ်နဲ့မပတ်သတ်တဲ့ တခြား စာအုပ်ကို မဖတ်ရတာကြာရင် ငတ်လာတယ် … အလုပ်နဲ့ ပတ်သက်တဲ့စာတော့ ဘယ်လောက်ပစ်ထား ပစ်ထား …. စိတ်ထဲမှာ ဘယ်လိုမှ မနေတာ…. ဒါပေမယ့် အပြင်စာတွေဆို မဖတ်ဘဲ အကြာကြီး ပစ်ထားမိရင် စိတ်ကကို တောင့်တလာတာ… အဲဒီအချိန်ဆို တွေ့တဲ့ ဂျာနယ် ၊မဂ္ဂဇင်း ၊ ဝထ္ထု ဖတ်ကို ဖတ်လိုက်ရမှ … မဟုတ်ရင် ဖတ်ချင်တဲ့ စိတ်က တအားတောင့်တလာပြီး တခြားအရာတွေကို အာရုံသိပ်မလာတော့ဘူး … ရောဂါပေါ့ ၊ ရောဂါ …။
နောက်တစ်ခုက လက်အရမ်းဆေးတာပဲ … အပြင်သွားတယ် ပြန်လာတယ် လက်ဆေးတယ် … အမှိုက်ပုံးကိုင်မိတယ် ၊ လက်ဆေးတယ် … စားစရာ တစ်ခုခု ကိုင်မယ်ဆိုလည်း လက်ဆေးတယ် … သရေစာ စားမယ်ဆိုရင်တောင် လက်ဆေးစားတယ် … ဖုန်သုတ်လိုက်တယ် လက်ဆေးလိုက်ပြန်ပြီ … ကြောင်လေး ကိုင်လိုက်ပြန်ပြီ ၊ လက်ဆေးလိုက်ပြန်ပြီ … အဟား အဲဒီတော့ ခုနေနေတဲ့ ဦးလေးအိမ်က ပြောတယ် … တစ်နေ့ကို ဆယ်ခါထက် လက်ပိုဆေးရင် ဒဏ်တပ်မယ်တဲ့ … ဘယ်လိုပြောပြော မရတော့ဘူး … လက်ဆေးလို့ မရတဲ့ အနေအထားရောက်မှပဲ လက်ဆေးရပ်မယ် ထင်တယ်… ဒါလည်း ရောဂါပဲ….။
နောက်တစ်ခုက စိတ်ထဲက စကား စိတ်ထဲမှာ မထားတတ်တာပဲ … စိတ်ထဲ မတင်ကျတာ တစ်ခုခုရှိနေပြီဆိုရင် ပြောလိုက်ရမှ ကျေနပ်တယ်… အမှန် မပြောဘဲ နေလည်းရတယ် … ဒါပေမယ့် ပြောလိုက်ချင်တယ် …. ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း သိချင်တယ် …. တစ်ဖက်လူက ကိုယ့်အပေါ်ထားတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိချင်တယ် …. ကိုယ်က သူ့အပေါ်ထားတဲ့ သဘောထားကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်တယ် … ဒါ့ကြောင့် များသောအားဖြင့် အားမနာရမယ့် လူတွေကို ( ကိုယ့်က လွန်ခဲ့ရင်တောင် ခွင့်လွှတ်နိုင်မယ့် လူတွေကို) ကျေနပ်ရင်လည်း ကျေနပ်တယ် ၊ မကျေနပ်ရင်လည်း မကျေနပ်ဘူး ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်တယ် …. ကိုယ့်စိတ်ရော ၊ သူ့စိတ်ရော ရှင်းရှင်းလေးပဲ ဖြစ်စေချင်တယ်လေ…. အဲလိုမှလည်း နေရတာ ပေါ့ပေါ့ပါးပါးရှိမှာပေါ့နော် … မဟုတ်ရင် ခိုးလိုးခုလုနဲ့ …. ။
နောက်တစ်ခုက ကိုယ်ချစ်တဲ့လူတွေ ကိုယ့်ကို ထားသွားမှာကို မခံစားနိုင်ဘူး … သူတို့က ထားသွားမယ့် အစား ကိုယ်ကပဲ ထားသွားလိုက်ချင်တယ် ၊ ခဏတာပဲ ခွဲသွား ခွဲသွား ၊ ရာသက်ပန်ပဲ ခွဲသွား ခွဲသွား … ကျန်ရစ်သူ ၊ အချန်ခံရတဲ့ လူ မဖြစ်ချင်ဘူး … ဒါ့ကြောင့် ရာသက်ပန် ခွဲသွားရမယ်ဆိုတာမျိုးဖြစ်ခဲ့ရင် ကိုယ်ကပဲ အရင်ခွဲသွားတဲ့လူ ဖြစ်ချင်တယ် … ဆိုတော့လေ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေထက် အရင် သေဆုံးတဲ့လူပဲ ဖြစ်ချင်တယ် … ။
  • Share/Bookmark

နောက်ဆုံး သို့မဟုတ် ပထမဆုံး

သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်… ခံစားချက်ဆိတ်သုဉ်းနေတော့ ခါတိုင်းရေးနေကျ စာတိုပေစလေးတွေတောင် ရေးချင်စိတ်မရှိ ဖြစ်သွားပါတယ်… နောက်ပြီး ဘယ်လိုခံစားချက်နဲ့ ရေးထားတဲ့ စာကိုမှ မခံစားချင်တော့ဘူး …. ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးချင်တော့ဘူး ….. ဒီတိုင်းလေး ငြိမ်ငြိမ်လေး….. ။

သူ …..

ကျွန်မရေးသမျှ စာတွေထဲက ၁၀ ပုဒ်မှာ ၉ ပုဒ်က သူ့တစ်ယောက်တည်းကိုပဲ ဦးတည်ရေးတဲ့ စာတွေပါ…. စာရေးချင်ပြီဆိုတဲ့ အခါတိုင်း သူ့ကို စိတ်ထဲ ထည့်လိုက်ရင် လက်က အလိုလို စာရေးမိသွားတာချည်းပဲ…. သူ ကျွန်မကို ဂရုစိုက်ရင် ဂရုစိုက်သလို ကြည်နူးတဲ့စာတွေ ရေးမိတယ်…. သူ ကျွန်မ မဟုတ်တဲ့ တခြား မိန်းကလေးတွေနဲ့ အဆင်ပြေနေရင် ပြေနေသလို သဝန်တိုတဲ့ ၊ လမ်းခွဲတဲ့စာတွေ ရေးမိတယ်… သူနဲ့ ကျွန်မကြားက တကယ့် အဖြစ်မှန် ခပ်ပါးပါးလေးတွေကို တတ်သလို မှတ်သလို အရောင်ခြယ်လို့ ကဗျာမပီ စာမပီတွေ ရေးဖွဲ့ခဲ့တယ် …. ဒါပေမယ့် ကျွန်မနဲ့ ပတ်သက်ရင် ဘာကိုမှ စိတ်ဝင်တစား မရှိလှတဲ့ သူက ကျွန်မအိမ်ကို လာလည်မှာ မဟုတ်ဘူး… မတော်တဆ လာလည်မိရင်လည်း ခပ်လျှမ်းလျှမ်းလေးပဲ လာတဲ့ အတွက် ဖတ်မိမှာ မဟုတ်ဘူး ….. စိတ်ကူးပေါက်လို့ ယောင်ရမ်း ဖတ်မိရင်တောင် သူ့ကို ရေးတာလို့ ထင်မိမှာ မဟုတ်ဘူး …. ဘာမှ အရေးမကြီးတဲ့ အကြောင်းအရာတွေကို ခံစားပြီး ရေးထားတဲ့ စာတွေလို့ပဲ သူ မြင်မယ်ထင်တယ်….. ဟုတ်တယ် …. ကျွန်မရင်နဲ့အမျှ ရင်းပြီး သူ့အကြောင်းရေးသမျှစာတွေဟာ သူ့အတွက် ဘာမှ အရေးမကြီးဘူး….. ကျွန်မဟာ သူ့အတွက် ဘာမှ မဟုတ်ခဲ့ပါဘူး…. ဘာဆို ဘာမှ မဟုတ်ခဲ့ပါဘူး ….. ဒါပေမယ့်…..။

သူ …..

မနက်မိုးလင်းလို့ ဘုရားရှိခိုးခါနီးရင်တောင် သူ ကြိုက်နှစ်သက်တဲ့ အလုပ်ဆိုပြီး သူ့အကြောင်း အရင်တွေးမိပါတယ် …. သူ ကြိုက်တဲ့ အစားအစာတွေ ကျွန်မ စားရတိုင်း သူ့ကိုအပြေးကျွေးချင်တယ်…. မရောက်ဖူးတဲ့ ဒေသတွေ ခရီးထွက်ရတိုင်း သူပါ ပါစေချင်တယ် …. စာတစ်ပုဒ်ဖတ်ရတိုင်း သူ့အမြင်ကို သိချင်လို့ မေးလ်အမြဲပို့တယ် …. မေးလ်ပို့လို့ မရနိုင်တဲ့စာတွေ ဖတ်ရတိုင်း အနားနားမှာ ရှိစေချင်ပြီး အမြင်တွေ ဆွေးနွေးချင်တယ် …. ကျွန်မစိတ်တွေ သိမ်ငယ်တိုင်း သူ့ အားပေးသံ ကြားချင်တယ် …. မပြောပလောက်တဲ့ အောင်မြင်မှု သေးသေးလေးတွေပေမယ့် သူ့ကို အပြေးကြွားချင်တယ် ….. ဇဝေဇဝါဖြစ်ရတဲ့ ကိစ္စတွေနဲ့ ကြုံတိုင်း သူ ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ သိချင်တယ် …. ည အိပ်ရာဝင်လို့ ဘုရားရှိခိုးတိုင်း သူ့အတွက် ဆုတောင်းပေးဖို့ အမြဲ သတိရတယ် ….. သူ့ လွှမ်းမိုးမှုတွေအောက်က ရုန်းမထွက်နိုင်လောက်အောင်ကို သူဟာ ကျွန်မအတွက် အရေးပါခဲ့ပါတယ် …. သူဟာ ကျွန်မကို အမြဲလွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသော အရိပ်ပါပဲ…..။

သူ …..

ကျွန်မအကြောင်းကို သူ ဘယ်တုန်းကမှ စိတ်ဝင်တစား မရှိခဲ့လှပါဘူး ….. နေကောင်းလားလို့ နှုတ်ဆက်တတ်တဲ့ စကားတစ်ခွန်းကလွဲရင် ကျန်တဲ့အရာတွေကို သူ မပြောတတ်ခဲ့ဘူး …..
ကျွန်မ အလုပ်အကိုင် အဆင်ပြေရဲ့လား …..
ကျောင်းရော ပြီးသွားပြီလား …..
ကျွန်မ အခု ဘာတွေ လုပ်နေလဲ …..
ဘယ်လမ်းကို လျှောက်နေလဲ …..
ဘယ်လို အိမ်မက်တွေ ရှိလဲ …..
ဘယ်လို အတွေ့အကြုံတွေ ရနေပြီလဲ ….
ကျွန်မ ဘာကြိုက်တတ်လဲ ….. မကြိုက်တတ်လဲ …..
ဘာဆို ဘာမှ သူ စိတ်မဝင်စားပါဘူး….. ဘာဆို ဘာမှ….။

သူ …..

ကျွန်မ ခုလို သူ့အကြောင်းတွေးပြီး နှလုံးသားတစ်ခုလုံး မောပန်းနေချိန်မှာ သူက သူ့အနာဂတ်အတွက် သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အိမ်မက်နတ်သမီလေးအကြောင်းကို တွေးနေမလား….
ကျွန်မ မပေးနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ သူ့စိတ်တွေ ကြည်နူးနေမလား …..
ကျွန်မ မပေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေနဲ့ သူတစ်ယောက် တတ်ကြွနေလေမလား ….
ကျွန်မ မပေးနိုင်တဲ့ အိမ်မက်တွေနဲ့ သူတစ်ယောက် မျှော်လင့်ချက်တွေ ပြည့်ဝနေမလား …..
အဲဒီလို ကျွန်မ မဟုတ်တဲ့ မိန်းကလေးတစ်ယောက်ဆီ စိတ်တွေ အပိုင်စားပေးထားတဲ့ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်မ ခုလို တခုတ်တရ ရေးသင့်ပါရဲ့လား….။

ကျွန်မ ……

ခုချိန်မှာ ကျွန်မ သူနဲ့ပတ်သက်တဲ့ ဘာကိုမှ မတွေးချင်တော့ပါဘူး …. သူနဲ့ပတ်သက်ပြီး ဘာကိုမှ မတွေးတော့ဘူး လို့ စိတ်ကူးလိုက်တဲ့ တခဏမှာ ခံစားချက်ဆိုတာ ဆိတ်သုဉ်းသွားပါတယ်…. . ဒီတိုင်းလေးပဲ ငြိမ်ငြိမ်သက်သက်လေး နေချင်နေမိတယ်…. စိတ်ကို ဘာဆို ဘာမှ အရောင်မဆိုးဘဲ ဒီတိုင်းလေး ငြိမ်ငြိမ်လေး ၊ ငြိမ်ငြိမ်လေးပဲ နေလိုက်ချင်တော့တယ်…. ။

မိုးထက်အိမ်

  • Share/Bookmark

စဉ့်အိုး

ကျွန်တော်တို့ နှစ်ယောက်သား ပြောဆိုစရာ စကားမရှိသလို နှုတ်ဆိတ်နေမိကြ၏ ။
နေရောင်ခြည်သည် ပြတင်းပေါက်ဘောင် ထောင့်ချိုးပေါ်တွင် ကြောင်ပေါက်စလေးတစ်ကောင်လို နူးညံ့စွာ ခွေအိပ်နေ၏ ။ ပန်းပွင့်တွေက အပြာရောင် အိပ်မက်များကို မက်နေကြသည်။ ရင်အုပ်နီနီနှင့် ငှက်ကလေးများက အိမ်ခေါင်မိုး တံစက်မြိတ်စွန်းတွင် ငြိမ်သက်စွာ ခိုနားနေကြ၏ ။
အတန်ကြာမှ ကျွန်တော်က…
” ဒါဆို… ငါ တကယ်ချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ ပြောပြရမလား”
” ဟင့်အင်း… မပြောနဲ့”
သူမက စုတ်တံကို အနီးရှိ ရေခွက်ထဲသို့ ပစ်ချလိုက်ရင်းက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ချက်ချင်းဖြေသည်။ ကျွန်တော်က…
” အဲဒါဆို… နင်ပြောမှာလား”
“ဟင့်အင်း”
ကြည့်စမ်း… ခွေးစုတ်မ ။ အူသလို ကြောင်သလိုလို လုပ်နေပြန်ပြီ ။ ကျွန်တော် သူမ၏ နောက်ကျောဘက်မှ နေ၍ခါးဆစ်ရိုးသို့ ဖနောင့်ဖြင့် အားရပါးရ ဆောင့်ကန်ပစ်လိုက်ချင်စိတ်ပေါ်လာ၏ ။ ကဲ … ပြောစမ်းပါဦးကွယ် ၊ နှစ်ယောက်စလုံးက အဖြေသိနေတဲ့ ပုစ္ဆာတစ်ပုဒ်ကို ငါတို့ ဘာလို့များ ပဟေဠိဝှက်နေကြတာလဲ ။ ကျွန်တော်က စိတ်တိုတိုဖြင့်
“ဟဲ့ လဒမရဲ့ ၊ ဒါဆို ငါတို့နှစ်ယောက်က ဘာလဲ”
ကျွန်တော့် မေးခွန်းကြောင့် သူမ ရှက်သွားလိမ့်မည် ( သို့မဟုတ် ) တစ်စုံတစ်ရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မည် ဟု အောက်မေ့ထားခဲ့ရာ သည်တစ်ကြိမ်တွင်လည်း ကျွန်တော့်အတွေးက လွဲချော်သွားပြန်ပါသည်။
သူမက အေးအေးဆေးဆေးပင် လက်ကို အ၀တ်စတစ်ခုဖြင့် သုတ်ရင်း…။
“နေဦး …. မင်းညီ ၊ ငါ နင့်ကို လက်ဆောင်ပေးစရာ ရှိတယ် ၊ အဲဒါကို ကြည့်လိုက်ရင် ငါတို့နှစ်ယောက်က ဘာလဲဆိုတာ ရှင်းသွားလိမ့်မယ်”
သူမ အခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာသော အခါ လက်ထဲတွင် တစ်ထွာခန့်အမြင့်ရှိသော စဉ့်အိုးသေးသေးလေး တစ်လုံး ပါလာသည် ။
စဉ့်အိုးကလေး၏ မျက်နှာပြင်ပေါ်တွင် ဘာမှ ခြယ်သထားခြင်း မရှိ။
ပကတိ ပြောင်ချော။
ဈေးဆိုင်တွေ ၊ အိမ်တွေမှာ သုံးလေ့ရှိသော ရာဝင်အိုးပုံစံအတိုင်း အရွယ်အစားကို သေးသေးလေးချုံ့ထားသည့် အိုးငယ်ကလေးမျှသာ ဖြစ်၏ ။ ဘာမှ မထူးခြားပါ ။
“ရော့ …”
ကျွန်တော့်လက်ထဲသို့ စဉ့်အိုးပေါက်စကလေးကို ထည့်ပေးရင်း သူမက ပြောသည်။
“နင့်အတွက် လက်ဆောင်ပေါ့ဟာ ၊ နင်စာရေးတဲ့ စားပွဲပေါ်မှာ ဒီအိုးလေးကို တင်ထားပေါ့”
“အင်း ၊ ကောင်းသားပဲ ၊ ခဲတံတို့ ၊ ဘောပင်တို့ ထည့်လို့ရတာပေါ့”
“မဟုတ်ဘူး … မင်းညီ ၊ မဟုတ်ဘူး … မဟုတ်ဘူး”
သူမက ချက်ချင်းပင် ခါးခါးသီးသီး ကန့်ကွက်၏ ။
“အဲဒီ … စဉ့်အိုးထဲကို ဘာမှ မထည့်နဲ့”
“ဘာဖြစ်လို့လဲဟ”
“အဲဒီအထဲကို ဘောပင်တွေ ၊ ခဲတံတွေထည့်လိုက်ရင် ဒါဟာ စာရေးကိရိယာ ထည့်တဲ့ခွက် ဖြစ်သွားလိမ့်မယ် ။ အဲဒီထဲကို ပန်းတွေ ထည့်လိုက်ရင် စားပွဲတင်ပန်းအိုး ဖြစ်သွားလိမ့်မယ် ။ ရေတွေ ထည့်လိုက်ရင် ရေအိုးဖြစ်သွားလိမ့်မယ်”
“အဲဒီတော့…”
“ငါ နင့်ကို ပေးတာ စာရေးကိရိယာ ထည့်တဲ့ ခွက်လည်း မဟုတ်ဘူး ၊ ရေအိုးလည်း မဟုတ်ဘူး ၊ စားပွဲတင်ပန်းအိုးလည်း မဟုတ်ဘူး ။
နင့်ကို ပေးတာ စဉ့်အိုး …။ အဲဒီ … စဉ့်အိုးကလေးကို စဉ့်အိုးကလေးအဖြစ်နဲ့ပဲ သူဟာသူ အလွတ်အတိုင်း ထားလိုက်ပါ မင်းညီရယ် ၊ အထဲကို ဘာမှ သွားမထည့်လိုက်ပါနဲ့”
ကောင်းကင်၏ အနက်ရောင်တံခါးများသည် ဟင်းလင်းပွင့်နေကြ၏ ။ အသိုက်မဲ့သော ငှက်တွေ မုန်တိုင်းထဲတွင် နေရာယူနေကြသည်။ ဘ၀ဆိုသည်မှာ အပိတ်လား ၊ အပွင့်လား ကျွန်တော်တို့ စဉ်းစားကြရပါမည်။ ကိုယ့်ကိုယ်ကို မည်သည့်ထောင်ချောက်ထဲ ထည့်လှောင်ခဲ့ကြပါသလဲ။
သူမက မေးသည်။
“ဒါဆို … ငါတို့ နှစ်ယောက်က ဘာလဲဆိုတာ နင် … သဘောပေါက်ပြီလား မင်းညီ”
“အေး … ငါသိပြီ ထင်တာပဲ”
ကျွန်တော်က စဉ်းစဉ်းစားစား ဖြေလိုက်၏ ။ သူမက …
” ဒါဖြင့် ဘာလဲ”
” ငါတို့ နှစ်ယောက်က… စဉ့်အိုးလေ”
” နင့်ကြီးဒေါ် စဉ့်အိုးလား ငတုံးရဲ့”
သူမက တအားဆောင့်လိုက်ရာ ကျွန်တော့်ညိုသကျည်းကို ဒေါက်ခနဲ တည့်တည့်…

မင်းခိုက်စိုးစန် ရဲ့ ကျွန်တော်နှင့် နာမီးဆစ် (namesis) မှ

  • Share/Bookmark

သူ့နေရာ

” I’m a big big girl… In a big big world … It’s not a big big thing if u leave me… But I do do feel … That I do do will … Miss u much … Miss u much… “
“ကိုယ်နဲ့ မတန်တဲ့ သီချင်းတွေ ဆိုနေပြန်ပြီ ၊ ဘယ်ကလာ big big girl ကမှာလဲ ၊ small small girl ၊ ဟ ဟ”

ဟင် ၊ ရောက်မှ မလာသေးဘူး ၊ စကားနာထိုးပြီ ၊ ဒီမောင်လေး တစ်ယောက်နဲ့ပဲ နီးနီးကပ်ကပ် နေလို့သာရယ် … နှစ်ယောက် ၊ သုံးယောက်နဲ့များ နီးနီးကပ်ကပ်နေမိရင် ကျွန်မတစ်ယောက်တော့ သူတို့ကို ဘယ်လိုနိုင်အောင် ပြောရမလဲ စဉ်းစားရလွန်းလို့ အရွယ်မတိုင်ခင် ဆံပင်ဖြူနိုင်တယ် … ဒီမောင်လေးကလည်း မောင်လေးလို့သာ ပြောတာ … တကယ့် တကယ်ကျ အသက်က ၁ လပြည့်အောင်တောင် မကွာတတ်တော့ သူငယ်ချင်းလိုဖြစ်နေတယ်လေ… အဲဒီတော့ မောင်လေး ဆိုတဲ့ နာမ်စားအစား သူငယ်ချင်း ဆိုတဲ့ နာမ်စားကိုတောင် ပိုသုံးဖြစ်တယ်….။

“ဒီမယ် ၊ လူကောင်ကို ပြောတာ မဟုတ်ဘူး ၊ စိတ်ဓါတ်အင်အားကို ပြောတာ ၊ သိရဲ့လား ၊ နင်တို့တွေ အဲဒါတွေပြောလည်း နားလည်မှာ မဟုတ်ပါဘူး”

အရှုံးမပေးဘဲ ပြန်ပြောရင်း ကျွန်မ သူ့ကို လှမ်းကြည့်လိုက်တယ် …။ မျက်နှာက မသာမယာနဲ့ ဘာဖြစ်လာတာလဲ မသိ ။

“နင့် မျက်နှာက ဘာဖြစ်လာတာလဲ ၊ အီလည်လည်နဲ့”
“အေး ၊ င့ါ ကောင်မလေးနဲ့ ပြတ်လာတာ”
“ဟင် ၊ နင်က ဘယ်တုန်းက ဘယ်လို”
“အေးဟေ့ ၊ ရည်းစားဖြစ်တာ (၃) ရက်ပဲ ရှိသေးတယ်”
“ဟင် ၊ လွန်လှချည်လား ၊ မိန်းကလေးတစ်ယောက်ကို (၃) ရက်တည်းတွဲပြီး ဖြတ်လိုက်တယ်ပေါ့ ၊ မမိုက်ပါဘူး”
ကျွန်မ နှာခေါင်းကို အသားကုန်ရှုံ့ပြီး မကျေမနပ် ပြောလိုက်တယ် ။
“နင် ကလည်း လွှတ်တင်နေတာပဲ ၊ င့ါ စကားဆုံးအောင် နားထောင်ဦး”
“အေး ၊ အေး ၊ ဆက်ပြော”
“အဲဒီဇာတ်လမ်းကိုလည်း သူပဲ စတာ ၊သူက င့ါ စီနီယာ ၊ သူပဲ ချစ်လှပါချည်ဆိုပြီး ဆေးရုံကိုတောင် လိုက်လာတယ် ၊ ဂျူတီချိန်တွေဆိုလည်း လာတွေ့တယ် ၊ အဲဒါ ခု ငါက အဖြေလည်း ပြန်ပေးပြီးရော ဖြတ်သွားတယ် ၊ (၃) ရက်နော် ၊ (၃) ရက်ပဲ ရှိသေးတယ် ၊ နားမလည်တော့ဘူး ၊ တကယ်ကို နားမလည်တော့ဘူး”
“တကယ်ကြီးလား”
“အာ ၊ နင်ကလည်း”
“မဟုတ်ပါဘူး ၊ ငါက သေချာအောင် မေးတာပါ ”
“………..”
“အဲလိုသာ တကယ်ဆိုရင်တော့ ငါ့အထင်ပြောရရင် အဲဒါ သူ့သိက္ခာ သူပြန်ဆယ်သွားတာနေမှာ”
“ဘာ ၊ သိက္ခာ ဟုတ်လား ၊ ဟား ဟား ဟား လို့သာ အော်ရယ်လိုက်ချင်တော့တယ်”
“ကိုဖြိုး ၊ ငါပြောမယ် ၊ နင်စဉ်းစားကြည့် ၊ သူက နင့် စီနီယာနော် ၊ ဒါ့အပြင် သူ့ရဲ့ မိန်းကလေး သိက္ခာဆိုတာကို ချထားပြီး သူချစ်တဲ့ အကြောင်း နင် သိအောင် ပြောခဲ့ ၊ ပြခဲ့တယ် ၊ ခု နင့်ဆီက သူ ကြားချင်တဲ့ ချစ်တယ် ဆိုတဲ့ စကားကို ကြားရပြီဆိုတော့ သူ့သိက္ခာသူ ပြန်ကောက်ယူလိုက်တာ ဖြစ်မယ်၊ ငါတော့ အဲလိုပဲ ထင်တယ်”
“သူ ကတယ် မချစ်လို့ ဖြစ်မှာပါဟာ”
“မဖြစ်နိုင်ဘူး ၊ နင် သေချာ စဉ်းစားကြည့် ၊ သူလည်း တကယ် မချစ်ဘဲနဲ့ အပျော်သက်သက်အတွက်နဲ့ သူ့ရဲ့ ဆရာဝန်ဆိုတဲ့ ဂုဏ် ၊ မိန်းကလေး ဆိုတဲ့ သိက္ခာကို ချပြီး နင့် ဆေးရုံထိလာမယ်လို့များ ထင်နေလား ၊ ဝေးပါသေးတယ် ၊ မိန်းကလေးတွေ ဘာဖြစ်ပါသည် ၊ ညာဖြစ်ပါသည် မပြောနဲ့ဟာ ၊ မိန်းကလေးဆိုတာ သူတို့ တကယ်ချစ်ရင် နူနူ ကျိုးကျိုး ကန်းကန်းနော် ၊ ခု နင်ကတော့ အဲလိုမဟုတ်ပါဘူး ၊ ဘယ်လိုပဲ ဖြစ်ဖြစ် နင်လည်း မိန်းကလေးတွေကို အပြစ်မပြောနဲ့ ၊ ငါ တကယ် မကြိုက်ဘူး ၊ခု သူ နင့်ကို ထားခဲ့တယ် ဆိုတာလည်း မချစ်လို့ မဖြစ်နိုင်ဘူး”
“နေပါဦး ၊ နင်က သူ့ဘက်က ဘာလို့ အဲလောက်ပြောပေးနေရတာလဲ ၊ ဘာလို့ သူ့နေရာကနေ အဲလောက် နားလည်ပေးနေရတာလဲ ၊ မဟုတ်မှ လွဲရော ၊ မော်ကျေ ၊ မှန်မှန်ပြောစမ်း ၊ နင်…”
“အဲ ၊ ငါ အပြင်သွားဖို့ ချိန်းထားတာ ရှိသေးတယ် ၊ နောက်တောင် ကျနေပြီ ၊ လစ်ပြီ လစ်ပြီ ၊ တာ့တာ”
မလစ်လို့ မရဘူးလေ ၊ တကယ်သာ တေ့တေ့ဆိုင်ဆိုင်အမေးခံရင် ကျွန်မ … ။

မိုးထက်အိမ်
  • Share/Bookmark

ကဲ …… ဗျာ

ခုတလောဗျာ …. ဘာဖြစ်နေတယ် မသိဘူး … အားလုံးက လွှတ်တင်နေကြတာပဲ …. မနက်စောစောဗျာ ဂျီတော့ခ်လေးမှ ဖွင့်ကာစရှိသေးတယ် … လူကို လာပြောတယ် ဒီဘလော့ကစာတွေက ကိုယ်တိုင်ရေးတာလားတဲ့ … ယုံရမှာတော့ ခက်တတ်တတ်တဲ့ … အွန် … ယုံအောင် အိမ်မှာ အကြမ်းလျှောက်ခြစ်ထားတဲ့ စာရွက်တွေ ယူပြရမယ့်ကိန်းနော်… ခက်တော့ ခက်နေပြီ … ကျနော့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေရေးတဲ့ စာတွေ ဖတ်ဖူးရင် ဘယ်လိုများနေမယ် မသိ…. သူတို့ စာတွေဆို မဂ္ဂဇင်းတွေမှာတောင် ပါတယ် … ကျနော်သာ အဲလို ရေးနိုင်စွမ်း မရှိလို့ ဒီလောက်လေးနဲ့တင် စိတ်ဖြေနေရတာ … အင်းပေါ့လေ … ကျနော့်ပုံကလည်း အဲလို စာတွေ ရေးမယ့်ပုံမှ မပေါက်တာ …. ဆိုတော့ကာ … ဟုတ်တယ် ၊ ကိုယ့်ဘာသာကိုယ်ရေးတာလို့ပဲ အေးဆေး ဖြေလိုက်ပါတယ် ….။
ခဏနေတော့ တစ်ယောက်က လှမ်းပြောတယ် … FB မှာ တင်ထားတဲ့ပုံက ၀ါးလို့ ထင်တယ်…. ကြည့်လို့ တော်တော်အဆင်ပြေနေတယ်တဲ့ … ဟုတ်တယ်လို့ ၊ ဓါတ်ပုံစားတယ်လေ လို့ အကောင်းလည်း ပြောရသေးတယ်… အဲဒါကြောင့်တဲ့ ၊ ဓါတ်ပုံထဲမှာပဲ မာနကြီးလို့ ရနေတာ ၊ အပြင်မှာ မာနကြီးလို့ မရဘူးတဲ့…. ဘယ့်နှယ်ဗျာ လူကို … ကိုယ့်ဘာသာကို မာနကြီးချင်လည်း ကြီးမယ် ၊ သေးရင်လည်း သေးမယ်ဗျာ … ဒီကလေးကိုတော့ ချက်ထဲမှာ လက်ညောင်းခံပြီး ပြန်ပြောမနေတော့ပါဘူး … တွေ့ကာမှ ခေါက်ပစ်လိုက်မယ်….။
ကော်ဖီချိန်လောက်ရောက်တော့ အစုတ်ပလုတ်လေး အွန်လိုင်းတတ်လာတယ် … ကျနော့်ကို ဒုက္ခမပေးရတာ ကြာလို့ နှိပ်စက်မလို့ဆိုပြီး သူ့အိမ်ကို လူကြုံပေးလိုက်တာ ရ ၊ မရ ဖုန်းဆက်မေးခိုင်းတယ် … နောက်ပြီး နင်တော့ ဒုက္ခများနေပြီတဲ့ ပြောတယ်…. ကျနော်ကလည်း ရပါတယ်လို့ ၊ ဖုန်းဆက်ရတာ ဒုက္ခမများပါဘူးလို့ နည်းနည်းအော်ပြောရတာ တစ်ခုပဲလို့ သူ့ကို ပြန်ပြောလိုက်မိတယ်ပေါ့…. ဟုတ်တယ်လေ… ဖုန်းလိုင်းက ဆူလို့ တကယ် နည်းနည်း အော်ပြောရတယ် … အဲဒါကို သူက ဘယ်လို ထင်သွားလဲ မသိဘူး… နင်အသံက အရမ်းအော်စရာမလိုပါဘူး တဲ့… ကဲ … ရန်ဖြစ်ချင်စိတ် မရှိတဲ့နေ့ကျမှ ရန်ဖြစ်ချင်စရာတွေချည်း လာတိုးနေတယ် … ခါတိုင်းဆိုရင်တော့ ပြန်ပြောဖြစ်မှာ သေချာတယ် … ခုတော့ စိတ်ကောင်းလေး နည်းနည်းဝင်နေတာရယ် ၊ ကျနော် နည်းနည်းလောက်ပြောလိုက်ရင်ကို သူက သူ့မာန အကြီးကြီးကို ချပြတတ်တာရယ်ကြောင့် နည်းနည်း အလျော့ပေးလိုက်တယ်… ဒါပေမယ့် စိတ်ထဲမှာတော့ တွေးလိုက်မိပါတယ် … သူ ယူတဲ့ မိန်းမ ကျနော့်ထက် အသံတိုးရင် တိုးပေါ့ဗျာ … ကျနော့်လောက် အသံဆိုရင်ကို ကျနော် ပြောပြီပဲ… ကျနော့်ထက်များ အသံကျယ်ကြည့်… လုံးဝ အားမနာတမ်းကို ပြောပစ်မှာ … အဲဒီလူ တစ်ကိုယ်တည်းဘ၀နဲ့ အရိုးထုတ်ကာမှ ထုတ်ရောပဲ … ကျနော်ကတော့ ပြောဖို့ကို ဦးနှောက်အလေးခံပြီးကို မှတ်ထားလိုက်တယ်…။
အဲဒီကိစ္စပြီးတော့ သိပ်မကြာဘူး … မေ၀င်းသူ နဲ့ စကားပြောချင်လို့ပါ ဆိုပြီး ဖုန်းဝင်လာတယ် … ဟင် … ဘယ်လို နာမည်ကြီးလဲပေါ့… ကိုယ့်နာမည်မှ မဟုတ်တာ… ဖုန်းမှားတယ်ဆိုပြီး reception ကို ပြန်လွှဲပေးလိုက်တယ် … ဒါပေမယ့် အဲဒီလူပဲ နောက်တစ်ခေါက် ထပ်ဝင်လာတယ် … ပြီး ကျနော့်ကို ကောင်းကောင်းကောတယ် …. ခင်များတို့ရုံးက ဖုန်းကို ဟိုလွှဲဒီလွှဲနဲ့တဲ့… နာမည်လည်း မှားပြောသေးတယ် ၊ ဟိုဟို ဒီဒီ အလွှဲခံရတာကို သူက စိတ်တိုသတဲ့ … အံ့သြပါ့… နောက်ပြီး သူ့အသံ မမှတ်မိလို့တဲ့ဗျာ… စဉ်းစားလည်းကြည့်ပါဦး … သူတောင် ကျနော့် နာမည်ကို မှန်အောင် မခေါ်နိုင်တာ ကျနော် အသံ မမှတ်မိတာ လွန်သလားဗျာ… တကယ်ဗျာ …. လူက နည်းနည်းတော့ စိတ်ဆိုးချင်လာပြီ….။
  • Share/Bookmark

နှလုံးသား TTL

ကောင်မလေးရေ…..
Network ကွန်ယက်တစ်ခုအတွင်းမှာ ပို့ချင်တဲ့ data တွေကို packet လို့ ခေါ်တဲ့ အပိုင်းလေးတွေပိုင်းပြီး ပို့ကြတယ်ဆိုပဲ … ပို့တဲ့ကောင်က source ၊ လက်ခံတဲ့ကောင်က destination လို့ခေါ်တာကို နင်သိပြီးသား ဖြစ်မှာပါ … အဲလို data တွေ ပို့ကြတဲ့အခါ စပို့လိုက်ပြီး သတ်မှတ်ကာလ ဘယ်လောက်အတွင်းမှာ လက်ခံတဲ့ဘက်(destination) ကို ရောက်ရမယ် ၊ မရောက်ရင် အဲဒီ packet ကို ဖျက်ပစ်မယ် ၊ ပြီးရင် ပို့ချင်တဲ့ destination ဆီ မရောက်ပါ ဆိုတဲ့ ICMP လို့ ခေါ်တဲ့ error message ကို source ဆီ ပြန်ပို့ပေးတယ် … ဒီ message ပြန်မပို့ခင် packet သွားနေတဲ့ … ပြောရရင် အသက်ရှင်နေတဲ့ ကြားကာလလေးကို TTL ( Time to live) လို့ခေါ်တယ်ဆိုပဲ ကောင်မလေးရ … အဲဒီအချိန်ကာလကို ပို့တဲ့ sender ( source ) ဘက်ကနေ သတ်မှတ်ပေးရတယ် ဆိုတာတွေ နင် သိပြီး ဖြစ်မှာပါ….
ပြောချင်တာက ကောင်မလေးရာ …
ငါ ဆိုတဲ့ source ကြီးကနေ နင်ဆိုတဲ့ destination ဆီကို ရင်ခုန်သံ စည်းချက် packet တွေ တစ်ပိုင်းပြီး တစ်ပိုင်း ပို့လွှတ်နေတယ်ပေါ့ဟာ … အဲလိုပို့လွှတ်ရင်းနဲ့ ကြားထဲမှာ ပျောက်ရှပြီး error message ပြန်အပို့မခံရဖို့အတွက် TTL သက်တမ်းကို င့ါဘ၀ တစ်သက်စာ အချိန်တွေ ပုံအော ထည့်ပေးထားပါတယ် …. ကြားထဲမှာ ငါ ဖြတ်သန်းရမယ့် ချစ်ခင်မှု ၊ ကြင်နာမှု ၊ ယုံကြည်မှု ၊ သစ္စာစောင့်သိမှု ဘူတာတွေကို ငါ ကြံ့ကြံ့ခံဖြတ်သန်းပြီးရင်တော့ ကောင်မလေးရေ င့ါရင်ခုန်သံ packet တွေကို နွေးထွေးပျူငှါစွာ လက်ခံပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဟာ…
ချစ်ခြင်းများစွာဖြင့်
ကောင်လေး

ဝန်ခံချက် ။ ။ မရေးတတ် ရေးတတ်နဲ့ ရေးလိုက်တာမို့ အမှားပါရင် ကြည့်ရှုစောင်မတော်မူ :)

  • Share/Bookmark

အမေနေ့ ( ပြာသိုလပြည့်နေ့ ) အမှတ်တရ

အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား တူတူပါပဲ…. ဒါပေမယ့် ဒီပြာသိုလပြည့်နေ့ကို အမေနေ့ဆိုပြီး သတ်မှတ်လိုက်တဲ့အခါ အမေ့ကို တခြားနေ့တွေထက် ပိုပြီး အလေးအနက် ပြုမိပါတယ်…. ကိုယ်တိုင်တင် မဟုတ်ဘဲ တခြား သတိမထားမိသူတွေကိုလည်း ပြောပြ သတိပေးဖြစ်ပါတယ် …. အမေနေ့မှာ အမေနဲ့ပတ်သက်ပြီး တစ်ခုခု ရေးချင်ပါတယ် …. ဒါပေမယ့် ရေးနိုင်စွမ်းမရှိလို့ အမေနဲ့ ပတ်သက်ပြီး စုလို့ရသမျှ သီချင်းလေးတွေကိုပဲ အမှတ်တရအဖြစ် တင်လိုက်တာပါ….

၁)   ကောင်းကင်မေမေ

၂)   အမေ့ရဲ့ ဆန္ဒ

၃)   မြင့်မိုရ်ထက်မြင့်သော

၎)

  • Share/Bookmark

ကစားမလား ၊ နားမလား

” ဆုံပြီးမှ ဖြတ်တဲ့ မျဉ်းနှစ်ကြောင်းနဲ့ အမြဲတမ်း ပြိုင်နေမယ့် မျဉ်းနှစ်ကြောင်းမှာ ဆုံပြီးမှ ဖြတ်ရမယ့် မျဉ်းနှစ်ကြောင်းကိုပဲ ငါ ရွေးမယ် … ဆုံတဲ့ အချိန်ဟာ တစ်စက္ကန့်လေးပဲ ဖြစ်စေဦးတော့ ငါမက်မောတယ် …”

- ကျွန်မ သူ့မျက်နှာကို ငေးကြည့်ရင်း စိတ်ထဲကနေ အဲလိုစကားတွေ ပြောနေချိန်မှာ သူက ပြောတယ် ….

“မသူ သိလား ၊ သူငယ်ချင်းဆိုတာကို ကျွန်တော် အရမ်း သဘောကျတာပဲ ၊ သူက ခုနေ မခေါ်လို့ ပြတ်သွားလည်း နေက် ဘယ်အချိန် ပြန်တွေ့တွေ့ ခေါ်တာပဲ.. ခေါ်လို့လည်း ရတယ်…. ရည်းစားကျ ပြတ်သွားပြီးရင် နောက် လမ်းမှာ မတော်လို့တွေ့ရင်တောင် ခေါ်ချင်တာ မဟုတ်ဘူး…. အဲဒါကြောင့် သူငယ်ချင်းနဲ့ ရည်းစားကိုသာ ကျွန်တော့ကို ရွေးခိုင်းရင် ကျွန်တော် သူငယ်ချင်းဆိုတာကိုပဲ ရွေးဖြစ်မယ်”

ဘုရားရေ …. သူ ကျွန်မ စိတ်ထဲ ၀င်ကြည့်လိုက်လို့များ စကားတွေက အဲလောက် ကွက်တိ ထွက်ကျလာတာလား ၊ နောက် သူက ဆက်ပြောတယ် …” မသူလည်း သိပါတယ် ၊ အဖြူပေါ် အမည်းစွန်းချင်လည်း လွယ်တယ် ၊ အမည်းပေါ် အဖြူစွန်းချင်ရင်လည်း လွယ်တယ် ၊ ဒါပေမယ့် အဖြူကို အဖြူအတိုင်း ၊ အမည်းကို အမည်းအတိုင်း ဆက်ထိန်းထားနိုင်ဖို့က ခက်တယ် “
“အိုကေ ၊ အိုကေ ၊ မသူ ပြောမယ် ၊ သေချာနားထောင် ၊ ဆုံပြီးမှ ဖြတ်တဲ့ မျဉ်းနှစ်ကြောင်းနဲ့ အမြဲတမ်း ပြိုင်နေမယ့် မျဉ်းနှစ်ကြောင်းမှာ ဆုံပြီးမှ ဖြတ်ရမယ့် မျဉ်းနှစ်ကြောင်းကိုပဲ မသူ ရွေးမယ် … ဆုံတဲ့ အချိန်ဟာ တစ်စက္ကန့်လေးပဲ ဖြစ်စေဦးတော့ မသူ တကယ်မက်မောတယ် …” ဒီစကားကို ကျွန်မ တစ်လုံးချင်း ပီပီသသ သေသေချာချာ ပြောလိုက်တယ် …. သူ ရယ်တယ် … ထွက်ပေါက်တစ်ခုအနေနဲ့ ရယ်တာလား … ဧ၀ရတ်တောင်ထိပ်မှာ တိုက်ဆောက်ဖို့ စိတ်ကူးယဉ်နေတဲ့ လူတစ်ယောက်အဖြစ်ကို သဘောကျသလို ရယ်တာလား ဆိုတာကိုတော့ သူမှပဲ သိလိမ့်မယ် …. ကျွန်မမှာ သူ့စိတ်ထဲကို ၀င်ကြည့်နိုင်လောက်တဲ့ အရည်အချင်းမရှိဘူးလေ … ဒါ ကျွန်မကိုယ် ကျွန်မ ပေးထားတဲ့ မှန်ကန်နေတဲ့ မှတ်ချက်လေးတစ်ခုပါ … သူနဲ့ကျွန်မ စတွေ့တဲ့ သိပ်မကြာခင် ကာလလေး အတွင်းမှာပဲ ဒီမှတ်ချက်ကို ကျွန်မ ချမှတ်ခဲ့ရတာ …. ဒီမှတ်ချက်ကို ပယ်ဖျက်ဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားတယ်…. ဒါပေမယ့် ကြိုးစားလိုက်တိုင်း ရလာတဲ့ ရလာဒ်က ထပ်လောင်းအတည်ပြုဖို့ ဆိုတာတွေချည်း ဖြစ်ဖြစ်နေတယ် … ခုလည်း ကျွန်မ ထပ်ပြီး အတည်ပြုလိုက်ရပြန်ပြီ … ဟူး … အခြေအနေက ရုတ်တရက် ခြောက်သွေ့သွားတယ် … အရင်လို စလိုက် နောက်လိုက်နဲ့ စိုစိုပြေပြေဖြစ်ဖို့ ကြိုးစားမှ ဖြစ်မယ်…. ဟူး …. စကားလုံးတွေကလည်း ခုမှ ဘယ်ပျောက်ကုန်လည်း မသိဘူး …. ရှားပါးနေလိုက်ကြတာ ….။

“မသူ”
-သူ ခေါ်တယ် …. ကျွန်မ ဘာပြန်ပြောရမလဲ မသိဘူး….။
“………..”
“ကစားပွဲတစ်ခုကို ကစားတဲ့အခါ နိုင်မှာမှန်း သေချာသိနေရင် ကစားရတာ ရင်ခုန်ဖို့ ကောင်းမှာ မဟုတ်ဘူးနော် မသူ ၊ အဲလိုရင်ခုန်စရာ မကောင်းတဲ့ ကစားပွဲကို မသူ အနေနဲ့ဆိုရင် ကစားချင်မလား”
“မသူ ……..”
မိုးထက်အိမ်

  • Share/Bookmark

ပခုက္ကူ ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံ

သားထုတ်ဂူ မှ ပခုက္ကူ

အလောင်းစည်သူဘုရင်မင်းမြတ် သက္ကရာဇ် ( ၄၅၄ ) သည် ဖောင်စင်္ကြာနှင့် ဧရာဝတီမြစ်နဒီတွင် ခရီးလှည့်ခဲ့ဘူးသည်၊ မင်းမြတ်နှင့်တကွ မောင်းမမိဿံ အခြွေအရံများစွာ ပါဝင်သည်၊ ထို အခြွေအရံများအနက် ကိုယ်ဝန်ရှိနေသော မောင်းမတစ်ဦး( တနည်း မယ်စိမ့်ညို )သည် ပေါက်အင်းအနီး ဆိုက်ရောက်သည်တွင် တံငါလုလင်တို့ကိုမြင်၍ မိန်းမကောင်းတို့၏ ဣနြေ္န ကို ဖောက်ဖျက်လျက် နှစ်သက်သည့် အသွင်ဖြင့် ရယ်သွမ်း၏၊ ထိုအခြင်းအရာကို မြင်သော အလောင်းစည်သူသည် ဒေါသအမျက်ပွက်ဆူ၍ ကျိန်စင်္ကြာဖြင့် ရိုက်နှက်ရာ လက်လွန်ကာ အသက်ဆုံးရှုံး ကံကုန်ရှာလေသည်။
အလောင်းကို ဖောင်စင်္ကြာပေါ်တွင် ခွဲစေရာ သားသူငယ်အလောင်းကိုတွေ့၏။ ဘုရင်တို့ထုံးစံအတိုင်း ဖောင်တော်ဆိုက်ကပ်၍ ရွှေဂူဘုရား တည်မည့်နေရာတွင် အခမ်းအနားဖြင့် ဈာပနပွဲကျင်းပလျက် သားငယ်အလောင်းကို အုတ်ဂူပြုလုပ်၍ ထားခဲ့သည်။ သားကိုထုတ်၍ ဂူလုပ်ခဲ့ရာမှ သားထုတ်ဂူ၊ ကာလကြာမြင့်သဖြင့် သားထုတ်ဂူမှ ရွေ့လျားလာကာ ပခုက္ကူ ဖြစ်လာကြောင်း အစဉ်အဆက်ဥဒါန်းတွင်ခဲ့သည်။
အချို့ ရာဇ၀င်ဆရာတို့က အလောင်းကို ဖက်နှင့် ထုပ်၍ ကူ( ဂူ ) လုပ်ရာ ဖြစ်ရကား သားထုပ်ဂူ မှ ပခုက္ကူဖြစ်လာကြောင်း ဆိုကြသည်။ ထို့ကြောင့် သဲပုံစေတီထေရုပ္ပတ္တိကျမ်း ပထမကြငှန်းထီးဖွင့်ရန်အဆို၌

သမတ အတုစနစ်၊ သမယ ယခုခေတ်တွင်၊ နရလူ့ ဓမ္မရာဇ် တနာမည်ပြောင်းတဲ့၊ ပုဂံပြည် လောင်းစည်သူမင်းသည် ဇမ္ဗူအတွင်း တောင်လက်ယာမှာ၊ ညီမူတသင်း ပြောင်လက်စွာနှင့်၊ ဖောင်စင်္ကြာ ဖြန့်တုံအခါက၊ မြန့်ဘုံရာဇာမိဖုရားတပါး သားနရိန်ကို၊ ပတ္တမြားစိန် ဖက်နှင့်ထုပ်ပြီး၊ ခပ်သုတ်သုတ်ကူသို့သွင်းတာကြောင့်၊ လူတို့ခပင်း သားထုပ်ကူဟု၊ အများနှုတ်မူ ၀စီမင်္ဂလာဖြင့်၊ အမည်ထွင်ကာ အသရေ မူမချို့ပေသော၊ ရွှေကူမြို့ မြင်သာ ဆုံကုန်းရပ်၌

စသည်ဖြင့် လာရှိသည်။

ပခန်းအုတ်ကူ မှ ပခုက္ကူ

ရှေးက တပ်ကြားရပ်၏ အရှေ့ဘက်သည် ပခန်းနယ်ဖြစ်၍ တပ်ကြား၏အနောက်ဘက်သည် မြင်သာရွာကြီးဖြစ်လေသည်။ တပ်ကြားရပ်သည် မြင်သာနှင့် ပခန်းနယ်စပ် ဖြစ်ခဲ့သည်။အလောင်းစည်သူသားကို ကူတည်လုပ်ခဲ့ရသည်၊ ပခန်းနယ်ဘက်၌ ဖြစ်၍ ၎င်းကူကို ပခန်း အုတ်ကူ ဟုခေါ်ကြသည်။ ပခန်းအုတ်ကူ အနီးအစပ် တည်သော ရွာကိုလည်း ပခန်းအုတ်ကူရွာဟု ခေါ်ခဲ့ကြရာမှ ပခန်းအုတ်ကူရွာ မှ ပခုက္ကူရွာ ဖြစ်လာသည်။ တဖြည်းဖြည်း စည်ကားလာ၍ ပခုက္ကူမြို့ ဖြစ်လာခဲ့ရာ အင်္ဂလိပ် လက်ထက်တွင် ခရိုင်မြို့ဖြစ်လာခဲ့သည်။
ပခုက္ကူမိသားစု မှ pkufriends ၏ ပို့စ်ကို စာလုံးပေါင်း အနည်းငယ်ပြင်၍ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်….။
ယခုအခါ ပခုက္ကူအား ဧရာအနောက်မြို့တော် ဟုလည်းခေါ်တွင်သည်။
ဒါတွေကတော့ Google Map ကနေ Pakokku ဆိုပြီး ရှာကြည့်ထားတာတွေပါ….။


Pakokku


Pakokku

မိုးထက်အိမ်

  • Share/Bookmark

ဖြူလေးလွမ်းခိုင်းတဲ့ ကလေးသမိုင်း

     မနေ့က ရုံးပိတ်ရက်ဆိုတော့ အိမ်မှာ လိုအပ်တာလေးတွေဝယ်ဖို့ အမေနဲ့တူတူ မြို့မဈေးဘက်က ယဉ်ယဉ်စတိုးကို လိုက်သွားလိုက်တယ် …. ကိုယ်ဖို့လည်း လိုတာလေးတွေရှိရင် ညာတာပါတေးနဲ့ အမေ့ကိုဝယ်ခိုင်းဖို့ပေါ့… ပြောရရင်လည်း ရှက်ဖို့ကောင်းပါတယ် …. အသက်သာ နှစ်ဆယ်ကျော်ပြီးလို့ လေးနှစ်ကြီးများတောင်ပြည့်ပြီးသွားတာ ခုထိ အဖေနဲ့ အမေ့ကို ဒုက္ခပေးလို့ ၀သေးတာ မဟုတ်ဘူး …. ဒါနဲ့တောင် သမီးပုခုံးက ကောင်းပါတယ်အမေရဲ့ ဆိုပြီး အမေတို့ စိတ်ချမ်းသာအောင် ရွှီးတတ်သေးတာ…. မိဘဆိုတော့ ကိုယ့်သားသမီး ရွှီးနေတာလား တကယ်လား သိတာပေါ့လေ … ဒါပေမယ့် နားထောင်ကောင်းတော့ ခပ်ပြုံးပြုံးပဲပေါ့ …. ကိုယ့်ကိုယ်ကိုလည်း နည်းနည်းပါးပါးတော့ သိပါတယ် … အသုံးမကျဘူးဆိုတာ… ဒါပေမယ့် ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးပါလေဆိုပြီး ရင့်ကျက်မလာတဲ့ ဖြေတွေးလေးနဲ့နေနေရတာပဲ … ခုလည်း ဈေးခြင်းတောင်းလေး ကိုင်ပြီး အိမ်ဖို့လိုတာရော ၊ ကိုယ့်ဖို့လိုတာရော ရောသမမွှေလို့ ၀ယ်နေပြီ ….။
     ”ဟယ် ၊ မမ၀င်း နေကောင်းလား ၊ မတွေ့တာတောင်ကြာပြီ ” ဟာ လုပ်ပြီ ၊ အမေတို့ကတော့ အဲလိုပဲ သွားတဲ့နေရာ အသိရှိတယ် … အမေ့အသိတွေနဲ့တွေ့ရင် စိတ်ရှုပ်လွန်းလို့ ၊ အဟုတ်ပြောတာ ၊ ကိုယ်လည်းမသိဘဲနဲ့ ပြုံးပြရ ၊ နှုတ်ဆက်စကားပြောရ ၊ ဘာနဲ့ကျောင်းပြီးပြီ ၊ ခု ဘာလုပ်နေတာ အာ ဘာတွေမှန်းမသိဘူး အဲလိုတွေ ပြောရတာ သိပ်စိတ်ရှုပ်တယ် …. အမေနဲ့သွားရင် ဒါမျိုးတွေက ကြုံမှာပဲလေ … ခုလည်း လူကိုလှမ်းခေါ်နေပြီ … ဟွန်း… သမိုင်းပေးတာဝန်အရ ပြောရဆိုရဦးမယ်…. “အော် ဒါ သမီး အကြီးလေးလား ၊ ငယ်ငယ်တုန်း ရုပ်ရှင်ရုံထဲမှာ အာဗြဲကြီးနဲ့ အော်ငိုတဲ့ ကလေးလေးပေါ့ ၊ ဟုတ်လား သမီး ” “အယ် ၊ သမီး မမှတ်မိဘူး ” “အင်းပေါ့ သမီးက ငယ်သေးတာကိုး ဘယ်မှတ်မိမှာလဲ၊ ငယ်ငယ်က တော်တော်ဆိုးတာပဲ ၊ ခုရော ဆိုးတုန်းပဲလား ၊ ရုပ်လေးကတော့ အချောလေးတော့ မမ၀င်းသမီးက ” တဲ့…. နောက်ဆုံးပိတ်စကားအဆုံးသတ်လေး လှလို့သာပေါ့လေ … မဟုတ်ရင် ဒေါ်မေကျော်တို့မျက်နှာ မှုန်ကုပ်သွားပြီသာမှတ် …. ။
     အိမ်လည်းရောက်ရော အမေ့ကိုမေးတော့တာပေါ့ … အမေ သမီးငယ်ငယ်က တော်တော်ဆိုးလားလို့ …. အမေကပြောတယ် ကိုယ့်ကိုယ်ကို မသိဘူးလား တဲ့ …. အင် ဘယ်မှတ်မိမှာလဲနော် …. တကယ်လို့ ဆိုးခဲ့တယ်ဆိုလည်း နည်းနည်းပါးပါးပဲ နေမှာပါ… ဒါပေမယ့် လူ့လောကထဲ စမရောက်ခင်တည်းက အမေတို့ကို ဒုက္ခပေးခဲ့တာတော့ အမှန်ပဲ… သက်ဦးလည်း ဖြစ်ပြန် ၊ ကလေးအနေအထားကလည်း သူများတွေလို ခေါင်းကနေ အတည့်မထွက်ဘဲ ခြေထောက်ကနေ စထွက်မယ့် အခြေအနေဆိုတော့ ရိုးရိုးမမွေးရဲဘဲ ပခုက္ကူကနေ ရန်ကုန်ကို တကူးတက လာပြီး ခွဲမွေးရတယ်လေ… စတည်းက ကန့်လန့်တိုက်ပြီး မွေးလာတာတဲ့ … မွေးကာစကလည်း ၀မ်းတွေ တအားသွားလို့ အဒေါ်တွေမှာ အနှီးတွေမနားတမ်း လျှော်ရတယ်ဆိုတာ့ နည်းနည်းပါးပါး ဆိုးတယ်လို့တော့ ပြောလို့ရပါတယ်…. ။
     တစ်ခါ ၃ ၊ ၄ နှစ်အရွယ်လောက်ရောက်တော့ မိဘနှစ်ပါးလုံးက ၀န်ထမ်းဆိုတော့ အထိန်းရသက်သာအောင်ပဲလား မသိဘူး … မူကြိုပို့လိုက်တယ် … အန်တီကြီးပြောသလို ရုပ်ရှင်ရုံထဲမှာ ငိုမငိုတော့ မမှတ်မိတော့ဘူး…. မူကြိုတူတူတက်ရတဲ့ မောင်ဝမ်းကွဲတစ်ယောက်နဲ့ပေါင်းပြီး မူကြိုအကပွဲမှာ ပွဲတိုင်းလိုလိုပါချပစ်လိုက်တာတော့ မှတ်မိတယ်…. အဲဒီတုန်းက ချင်းအက ၊ ရွှေအိုးစည်အက ၊ ကဗျာရွတ် အက နောက် ဘာလဲ မမှတ်မိတော့ဘူး … ဒါတောင် ယိုးဒယားကန်တော့ခန်းဖို့ ခေါ်သေးတယ် …. လုံချည်က တုတ်နေလို့ မကတတ်လို့ လွတ်သွားတာ…. ရွှေအိုးစည်က ကခါနီးတုန်းကလည်း တောင်ရှည်ပုဆိုးကြီးက ကျွတ်ကျွတ်ကျလို့ ဆရာက ကြိုးနဲ့ချည်ပေးလိုက်တာလည်း မှတ်မိတယ်…. အင်္ကျီတွေ တစ်မျိုးပြီး တစ်မျိုးလဲပြီးကရတာဆိုတော့ ပျော်တာပေါ့….. ဒါပေမယ့် အိမ်ဘက်က ကြည့်ရင်ကျ အလုပ်ရှုပ်လို့ မူကြိုပို့တာ ပိုရှုပ်သလိုဖြစ်သွားတော့ ရိုက်ချင်စရာ ကောင်းသွားတာပေါ့…. နောက် ညီမလေးတွေ အလှည့်ကျ ဘာအကမှ မပါရတော့ဘူးဆိုပြီး ဖြစ်သွားလောက်အောင်ထိကို စိတ်နာသွားတာ အိမ်က… ဟ ဟ …။
     မူကြိုနေပြီးသားမို့ထင်တယ် သူငယ်တန်းတက်ရမယ်ဆိုတော့ ဘာမှ စိတ်ထဲမခံစားလိုက်ရဘူး …. ၅ နှစ်ပြည့်ဖို့ ၅ လလောက်လိုသေးတယ်ဆိုပေမယ့် အမေတို့က တတ်ဆိုပြီး အသက်ကြီးထားတော့ တတ်လိုက်ရတာပဲ … အဲဒီနှစ်တွေကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်လိုက်ဘူးထင်တာပဲ …. ဒါမှမဟုတ် ကိုယ်ကပဲ မမှတ်မိလိုက်လို့လား မသိဘူး…. ဘာမှ မထူးခြားဘူး …. တစ်ခုပဲ ဘယ်ကလေးနဲ့ ယှဉ်ယှဉ် ကိုယ်က ညှက်နေတာရယ် ၊ အသားမဲမဲ ပိန်ပိန်ဖြစ်နေတာရယ်ပေါင်းပြီး မေပုလဲ ၊ ဒေါ်မြလေး ဆိုပြီး အခေါ်ခံရတာ အဲဒီအရွယ်လောက်တည်းက…. အဲလို အခေါ်ခံရလို့လည်း စိတ်တိုရမှန်း မသိပါဘူး…. ဘယ်သူ စ စ ကို သိပ်စိတ်မဆိုးတတ်တာ…. စိတ်ဆိုးရကောင်းမှန်း မသိတာလည်း ဖြစ်နိုင်တယ် …. အဲလိုဆိုလို့တော့ ဦးလေးတွေက အေးလို့ဆိုပြီး ပန်ကာ လို့ နာမည်ပေးတယ်… လူအေးလေးပေါ့….။
     ငယ်ငယ်တုန်းက အေးလည်း အေး ၊ အ လည်း အ ပုံပေါ်တယ် …. စာကလည်းအတော်ကြီးထဲ မပါဘူး … သင့်သင့်ပဲ …. ဟုတ်တယ် …. ၃ တန်းတုန်းက သချာင်္ရည်ချွန်ရတာ ကိုယ်ကတော့ ပျော်လွန်းလို့ အိမ်ကို အပြေးတပိုင်းနဲ့ ပြန်ပြီး ပြောရတယ်…. အိမ်က လာမနောက်နဲ့တဲ့…. ကဲ ကောင်းလား … တော်တယ်ဆိုတာ အဲလောက်ထိကို အသိအမှတ်ပြုခံခဲ့ရတာ…. အဲဒါ အိမ်ကမယုံလို့များ ငိုပြီး ပြောမယ် မထင်နဲ့ဗျာ…. မယုံလည်း နေ ဆိုပြီး ခပ်တည်တည်ပဲ နေလိုက်တာတဲ့…. အဲဒါ ကျောင်းမှာ အလုပ်အမှုဆောင် လုပ်တဲ့ ဦးလေးက လာပြီးပြောမှ အိမ်က ယုံတယ် …. ဘာလို့ သေချာမပြောတာလဲ ဆိုပြီးတောင် အဆူခံလိုက်ရသေးတယ် …. ပြီးတော့ ပြောသေးတယ် ထုံပေပေနဲ့တဲ့…. အမှန်တော့ ဘယ်လိုယုံအောင် ပြောရမှန်း မသိလို့ မပြောတော့တာပါ … အဲဒါကိုပဲ သူတို့က ထုံပေပေ ဆိုတော့ ထုံပေပေလိုက်ရုံပဲ ရှိတာပေါ့… တတ်နိုင်ပါဘူး….။
     နောက်ရှိသေးတယ် ငယ်ငယ်က အ၀ှာဆိုတဲ့စကားကို အမုန်းသုံးတာ… စကားတစ်ခုပြောမယ်ကြံတိုင်း “အမေ ၊ အ၀ှာလေ ၊ သမီးပြောမယ် ၊ အ၀ှာ…” ဆိုပြီး လိုရင်းရောက်ဖို့ အ၀ှာဆယ်ခါလောက်ပါတယ်…. အဖေကြိမ်လုံးကိုင်ပြီး ပြင်ခိုင်းမှ အ၀ှာပြုတ်သွားတာ…. မဟုတ်ရင် ခုထိသုံးမိဦးမယ် ထင်တယ်…. အဲဒီတုန်းကတော့ ကလေးဆိုတော့ အ၀ှာ ဆိုတာလေး ထည့်သုံးတာကိုက စတိုင်လို့ ထင်နေတာလေ…. ။
အဲလောက်ပါပဲ …. မှတ်မိသလောက်တော့ ကိုယ်ဆိုးခဲ့တာကြီးတွေ သိပ်မပါ ပါဘူး… ဘယ်လိုလုပ်ရမှန်း မသိလို့ လုပ်တတ်သလို ၊ နေတတ်သလို နေခဲ့တာတွေပဲ ရှိတာပါ …. တစ်ခါတစ်လေ ကလေးအတွေးနဲ့ ကောင်းမယ်ထင်တာလေးတွေကို ကောင်းမယ်ထင်သလို လုပ်ကြည့်ခဲ့တာလေးတွေလည်း ရှိတာပေါ့…. သိပ်တော့ ထူးထူးခြားခြား မကြုံခဲ့ရပါဘူး…. ဒါပေမယ့် ကလေးဘ၀ဆိုတာတော့ ပြန်တွေးတိုင်း လွမ်းမိတာချည်းပါပဲ….။
မိုးထက်အိမ်
  • Share/Bookmark
Marquee Content Powered By eTDS TechnoSys. Visit our Forums.